ချစ်မြတ်နိုးတဲ့ စာပေတွေနဲ့ ဘ၀ကိုအသက်ဆက်ရင်း အမြဲမက်တဲ့ အိပ်မက်လေးကို အကောင်အထည်ဖော်လို့ အနာဂတ်မှာ ရတုတိုင်းကို လှစေမည်။


Friday, October 14, 2011

ဆန္ဒပါးပါး

ငါ့အာရုံတွေက မှိုင်းတက်..
အိပ်ရေးမ၀တဲ့ သူလို..
ငါလမ်းလျှောက်နေတုန်း..
ဆန္ဒတွေက ကစဥ့်ကလျားနဲ့ ..
အလုအယက် ၀င်ရောက်တိုးဝှေ့..
နွေခေါင်ခေါင်မှာ ရေငတ်သူလို..
အာခေါင်တွေက ခြောက်ကပ်..
အို.. ငါပြေးထွက်ချင်တယ်.. .. ..

မျက်ခင်းထဲ လှဲချလိုက်တော့..
လှမ်းမြင်နေရတဲ့ ကောင်းကင်တစ်စိတ်က
ဒီအချိန် ငါပိုင်တယ်လို့ ခံယူပြီး..
စိတ်တိုင်းကျ ပန်းချီဆွဲလိုက်တယ်..
အရောင်မစုံလည်း ..
ငါ့ခံစားမှုက အဆင်ပြေတယ်... ... ...

ဟိုးဝေးဝေး.. ခပ်ဝါးဝါး..
မှုန်ပြပြ တောင်တန်းပြာပြာတွေနောက်
လေနုအေးတွေ ရှိမှန်း ငါသိနေတယ်..
တောင်အောက်စမ်းရေသံကို ငါလှမ်းပြီး ကြားနေရသလိုလို... ... ...

စမ်းဘေးက တိတ်ဆိတ်ခြောက်ကပ်..
တောစပ်မှာတော့..
လုလင်တစ်ယောက်က ..
သီချင်းညည်းရင်း ၀ါးခုတ်နေနိုင်တယ်..
ငါ့အတွေးထဲမှာ သူဟာ..
ငါ့အတွက်သူရဲကောင်းလို့ ..
တိတ်တိတ်လေးပဲ သတ်မှတ်လိုက်မယ်..
သူသိစရာတော့မလို... ... ...

သာယာတဲ့နေ့မှာ ငှက်ငယ်တွေက ..
တေးသီချင်းမျိုးစုံ...
ဆိုနေသလားမသိပေမယ့်..
ငါကြားနေရတာတော့ တစ်ပုဒ်တည်း.. (…?…) ... ...

ဖြတ်တိုက်သွားတဲ့ ခပ်ပြင်းပြင်း..
လေညှင်းတွေနောက်..
လွင့်မျောသွားတဲ့ သစ်ရွက်ဝါလို..
ငါပျံသန်းကြည့်ချင်တယ်..
တစ်ကြိမ်လေးပါ.. ... ...

နံဘေးနားက စာအုပ်ထဲမှာ ..
အစီအစဉ်မကျသေးတဲ့ ကဗျာတွေက..
လှမ်းမြင်နေရတဲ့
ခရမ်းရောင် ပန်းလေးတွေလို..
ကြည့်ကောင်းနေလို့ပဲ..
ဒီချိန်လိုအပ်နေတာရှိတယ်..
မများပါဘူး..
ကော်ဖီခပ်ခါးခါးလေးနဲ့ အတိတ်ချိုချို ... ... ...

သံချင်းတွေညဉ်းရင်း..
ငါသတိရတာက တေးဆိုသံတစ်ချို့ ..
အလိုအပ်ဆုံးတော့မဟုတ်ပါဘူး..
လိုအပ်နေချင်တဲ့ တစ်ခုပေါ့..
အားနည်းချက်တစ်ခုရဲ့ ရှိုက်သံတွေက..
ငါ့ဆန္ဒတွေကိုတော့ ခွင့်မပြုဘူး..
ငါ့ဘ၀က ဆိုးတယ်..
ဆိုးခဲ့တာဖြစ်မယ် ... ... ...

ဆိုးလည်းဆိုးစေတော့..
ခေါင်းမော့ပြီး ကောင်းကင်ကိုကြည့်လို့..
ငါပြုံးလိုက်မယ်…
ဒီထက်ပိုပြီး ခံနိုင်ရည်ရှိဖို့တော့ မလိုအပ်ပါဘူး..
အားလုံးက တရားမျှတပါတယ်... ... ...

အတိတ်ဆိုတာ..
မစားကောင်းတဲ့ သစ်သီးမှန်းသိရက်နဲ့..
အရသာကို ပြန်ပြန်ပြီး..
မြည်းစမ်းကြည့်မိတယ်..
မသိတစ်ချက် သိတစ်ချက်အောက်မှာ..
ငါရူးနေတာပါ... ... ...

အားနည်းချက်ဆိုတာ ..
လူတိုင်းအတွက် ..
တစ်ခုဆီ လက်ဆောင်ရခဲ့သလား..??
တစ်ချို့ .. တစ်ချို့ .. တွေက
လက်ဆောင်ရသင့်လို့လား..??
Life is not easy to live for poor…. တဲ့..
ဟုတ်ရဲ့လား..??
ဒါကိုတော့ ငါ့မာနတစ်ချို့ ..
လုံးဝလက်မခံနိုင်ဘူး ဖြစ်နေတယ်... ... ...

Aquarius သတို့သမီးဖြစ်နေတော့လည်း …
ရမ္မက်ကင်းကင်းနဲ့ သန့်သန့်ရှင်းရှင်းလေးပဲ ..
ပေးဆပ်ခဲ့မယ်..
ပျော်ရွှင်စေချင်ပါတယ်.. ..
ရင်ထဲက ကဗျာတွေက..
ငါသေရင်တောင် အသက်ဝင်နေမယ်..
ခံစားချင်သူအတွက်ပေါ့... ... ...

ငါသေပြီးတဲ့တစ်နေ့..
ကောင်းကင်ကနေ ကဗျာတွေ..
အန်ကျလာမယ့်ညကို စောင့်ချင်သူအတွက်..
ငါမသေခင်..
လက်ဆောင်တစ်ခုပေးခဲ့ချင်တယ်..
အဲ့ဒီညမှာ..
သူမှန်းသိအောင်လို့ပါ... ... ...။

No comments:

Post a Comment